သောကြာ ၅ ဖေဖော်ဝါရီ 2010
မြန်မာနိုင်ငံလုံးဆိုင်ရာ တီဘီ ပျံ့နှံ့မှု လေ့လာချက်စစ်တမ်းကောက်ယူမှု ယခုနှစ်မတ်လ၌ ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။ စစ်တမ်းကောက်ယူမှုကို ၂၀၀၉ ခုနှစ် ဇွန်လက စတင်ခဲ့ကြောင်းနှင့် နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့ အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
စစ်တမ်းကောက်ယူမှုကို မြန်မာတစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေပြီး အသက် ၁၅ နှစ်အထက် လူဦးရေ ၇၁၀ အနည်းဆုံးပါ၀င်သော အစုအဖွဲ့ပေါင်း ၇၀ ကို လေ့လာကောက်ယူသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အစုအဖွဲ့ ၃၃ ခုမှာ မြန်မာနိုင်ငံ အထက်ပိုင်းတွင်ပါ၀င်ပြီး အစုအဖွဲ့ ၃၇ ခုမှာ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ပါ၀င်ကြောင်း သိရသည်။ အစုအဖွဲ့ ၅၀ မှာမြို့ပြတွင် တည်ရှိပြီးအစုအဖွဲ့ ၂၀ မှာကျေး လက်ဒေသတွင် တည်ရှိကြောင်း သိရသည်။
စစ်တမ်းကောက်ယူမှု၏ အစီရင်ခံစာကို ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ယခုအခါ အစုအဖွဲ့ ၄၉ ခုကို စစ်တမ်းကောက်ယူမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းတွင် တီဘီပျံ့နှံ့မှု လေ့လာချက်စစ်တမ်းကို ၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များ အရ တီဘီရောဂါဖြစ်ပွားမှုကြောင့် ရင်ဆိုင်ရသော ၀န်ထုပ်၀န်ပိုးသည် ခန့်မှန်းထားသည်ထက် ပိုမိုကြောင်း သိရှိရပါသည်။
အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနေသူများတွင် တီဘီရောဂါသည် အဓိကကျန်းမာရေး ပြဿနာတစ်ခုဖြစ်ကြောင်းနှင့် အိတ်ချ်အိုင်ဗွီပိုး ရှိသည့်သူများတွင် ခုခံစွမ်းအားကျလာသည့်အတွက် တီဘီရောဂါကူးရန် သာမန်သူများထက် အခွင့်အလမ်း ပိုမိုများကြောင်းနှင့် တီဘီရောဂါ ကူးစက်ခံရပါက ၄င်းတို့တွင် ဖြစ်သည့် တီဘီရောဂါသည် သာမန်ထက်ပိုပြီး ပြင်းထန်ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်၌ တီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါ၀င်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် တစ်နှစ်လျင် လူဦးရေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကို တီဘီရောဂါကူးစက် ပြန့်ပွားလျက်ရှိရာ နှစ်စဉ်တီဘီရောဂါ ဖြစ်ပွားသူ တစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
၄င်းအနက် ထက်၀က်ခန့်သည် ကူးစက်နိုင်စွမ်းရှိသော သလိပ်ပိုးတွေ့ လူနာများဖြစ်သောကြောင့် တီဘီရောဂါ ဆက်လက်ကူးစက် ပြန့်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ကို Global Fund မှ မကြာသေးမီ က ရရှိခဲ့သည်။
အွန်လိုင်းတွင် ကြည့်ပါ : နိုင်ငံလုံးဆိုင်ရာ တီဘီရောဂါ ပျံ့နှံ့မှုလေ့လာချက် စစ်တမ်းကောက်ယူမှု ယခုနှစ်မတ်လ၌ ပြီးစီးမည်ဟုခန့်မှန်း