Thursday 4 February 2010, by
လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ HIV,AIDS နဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေကို နယ်တွေမှာ ပေးနိုင်ရင်ပိုကောင်းပါတယ်။
See online : ကမ္ဘာလှည့်ခရီးသွားများနှင့်အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံးစားခြင်းများ သတိပြုဖွယ်ဖြစ်
ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်မှုများပြားလာခြင်းနှင့်အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံးစား ပြုခြင်းများကိုလည်း နောက်ဆက်တွဲအနေဖြင့် သတိပြုဖွယ်ဖြစ်လာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး (ဗဟို)အဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ နှစ်စဉ်၀င်ရောက်မှု များပြားလာခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများအနေဖြင့် နိုင်ငံ့၀င်ငွေတိုးတက် ရှာဖွေနိုင်ခဲ့သော်လည်း တစ်ဘက်တွင်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း၌ ယင်းကဲ့သို့ နောက်ဆက်တွဲကိစ္စရပ်များ ကြုံတွေ့လာရခြင်းကြောင့် သတိပြုဖွယ် ဖြစ်လာကြောင်းလည်း သိရှိရသည်။
’’မြန်မာပြည်ကို ကမ္ဘာလှည့်ခရီး သွားလာရောက်မှုက ဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်း သိသိသာသာ မြင့်တက်လာတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ အရှေ့တောင်အာရှဒေသတွေကို ဥရောပနိုင်ငံက ခရီးသွားတွေက စိတ်၀င်စားလာကြတယ်။ မြန်မာပြည်ကိုလာတဲ့ ခရီးသွားအများစုက မြန်မာပြည်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဘုရားပုထိုးစေတီတွေ၊ အပန်းဖြေစခန်းတွေကို လေ့လာချင်လို့ လာကြတာများပါတယ်။ ခရီးသွားတွေ များလာတာနဲ့အမျှ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်’’ဟု ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
’’နိုင်ငံခြားခရီးသွားတွေ များများလာအောင်တော့ လုပ်ရမှာပဲ။ ဒါမှ နိုင်ငံ၀င်ငွေကလည်း တိုးလာမှာ လေ။ ဒါပေမယ့် ဒီကိစ္စရဲ့နောက် ဆက်တွဲပြဿနာလို့ ထင်ရတာတွေကိုတော့ ဒေသခံတွေကို အသိပညာ ပေးဖို့လိုပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အပန်းဖြေနေရာ တော်တော်များများက နယ်တွေမှာရှိတဲ့အတွက် အဓိကနယ်ကလူတွေကို အသိပညာပေးဖို့ လိုပါတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ HIV,AIDS နဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေကို နယ်တွေမှာ ပေးနိုင်ရင်ပိုကောင်းပါတယ်။ နောက်ပြီး အဓိကကျတဲ့ အုပ်ထိန်းသူ မိဘတွေ၊ မိသားစု၀င်တွေကို အသိပညာ ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ ပုဂံက ဘုရားတွေမှာ ခရီးသွားတွေ ကို ဘုရားနဲ့ပတ်သက်ပြီး လိုက်ရှင်းပြနေကြတာတွေက အရွယ်မရောက် သေးတဲ့ကလေးတွေ များတယ်။ သူတို့လေးတွေရဲ့ အဓိက ပြဿနာက စီးပွားရေး အခက်အခဲကြောင့် ဖြစ်နေတာပါ။ နောက်ပညာတတ်မြောက်မှု မရှိတဲ့အတွက် မိသားစုစား၀တ်နေရေးကို ဒီလိုနည်းလမ်းတွေနဲ့ ဖြေရှင်း ကြရတယ်။ လွယ်လွယ်ရတဲ့အလုပ် ကိုလုပ်တယ်။ အတန်းပညာကလည်း တတ်မြောက်မှု နည်းတဲ့အတွက် အလုပ်ရမယ်ဆိုပြီး ခေါ်သွားရင် ပါသွားနိုင်တယ်။ သူတို့လေး တွေနဲ့ပတ်သက်တဲ့ မိသားစုတွေကို ကျန်းမာရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ အသိပညာတွေကို ပေးနိုင်ရင် ပိုကောင်းပါတယ်’’ဟု ဧည့်လမ်းညွှန်တစ်ဦးက ရှင်းပြခဲ့သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး (ဗဟို) အဖွဲ့မှ ရဲမှူးကြီး ဦးညွှန်လှိုင်ကလည်း ’’ကမ္ဘာလှည့် ခရီးသည်အများစုက သဘာ၀သယံဇာတတွေ ပေါကြွယ်၀တဲ့မြန်မာနိုင်ငံမှာ မြန်မာရဲ့ ရေမြေတောတောင် သဘာ၀တွေကို လေ့လာနိုင်ဖို့အတွက် လာရောက်ကြတာ တွေ့ရတယ်။ တချို့ကျတော့လည်း အဲဒီကိစ္စတွေနဲ့ ပြောင်းပြန် ရည်ရွယ်ချက်တွေနဲ့ လာကြတာတွေလည်း တွေ့ရပြန်ပါတယ်။ ဥပမာပြောရရင် ရန်ကုန်မြို့က ဟိုတယ်တွေမှာ လာတည်းတဲ့ နိုင်ငံခြားသားတွေဟာ ဒလဘက်ကမ်းက ဒလသင်္ဘောပေါ်တွေမှာ ကွမ်းယာရောင်း၊ ဆေးလိပ်ရောင်းနဲ့ နေ့စား အလုပ်လုပ် နေကြတဲ့အသက် ၁၄၊ ၁၅နှစ်၀န်းကျင် ယောကျာ်းလေးတွေကို လိင်တူဆက်ဆံဖို့ အတွက် တစ်နေ့ ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀ ၀န်းကျင်ပေးပြီး ပျော်ပါးနေတာလည်း တွေ့ရပြန်ပါတယ်။ သူတို့ နိုင်ငံတွေမှာ ဒီလိုကိစ္စတွေအတွက် ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀နဲ့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက လက်လုပ်လက်စား ကလေးတွေကို မတန်တဆစျေးပေးပြီး ပျော်ပါးကြတာ တွေ့ရပါတယ်။ အပြင်ပန်းကကြည့်ရင် နိုင်ငံခြားသား တစ်ယောက်ရဲ့အနားမှာ ကလေးတွေ ဝိုင်းနေတာတွေ့တော့ ကလေးပဲ အရမ်းချစ်သလိုမျိုး မြင်တွေ့ရနိုင်ပြီး တကယ်တမ်းမှာတော့ အဲဒီကလေးတွေနဲ့ လိင်တူ ဆက်ဆံဖို့အတွက် ဒီလိုနေနေကြတာလည်း မှုခင်းအချက်အလက် တွေအရ သိခဲ့ရတယ်။ ခရီးသွားတိုင်းကို မဆိုလိုပေမယ့် ဒီခရီးသွားတွေထဲမှာ ဒီလိုကိစ္စတွေ ရှိနေတာကိုတော့ အများ ပြည်သူကိုပဲ အသိပညာပေးနိုင်ဖို့ လုပ်ဆောင်ကြရမှာပါ’’ဟု ပြောပြခဲ့ သည်။
’’ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုး ဆိုတာ ရှိတတ်ပါတယ်။ ခရီးသွားများမှ ကိုယ့်နိုင်ငံကို ကမ္ဘာက သိလာမှာပါ။ အရင်နှစ်တွေက ခရီးသွား နည်းခဲ့လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခရီးသွားတွေ များလာအောင်၊ မြန်မာဆိုတာကို ကမ္ဘာကသိလာအောင်၊ ဧည့်သည် များများလာအောင် ကြိုးစားထားရတာပါ။ ဒီလို ဧည့်သည်တွေ များလာတာနဲ့အမျှ နောက်ဆက်တွဲ အခြေအနေ တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံသားတွေ အထူးသဖြင့် ပညာဗဟုသုတ နည်းပါးတဲ့ ဒေသခံတွေကို အသိပညာပေးထား နိုင်မယ်ဆိုရင် လူကုန်ကူးတာတို့ လိင်အလွဲသုံးစားပြုမှု ခံရတာတို့ကို အတိုင်းအတာတစ်ခုထိ တားဆီးနိုင် လိမ့်မယ်လို့ထင်ပါတယ်။ နိုင်ငံခြား သားတွေက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ လိင်တူဆက်ဆံခဲ့လို့ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေရှိခဲ့ဖူး ပါတယ်’’ဟု တရားရုံးချုပ်ရှေ့နေတစ်ဦးက ယင်း၏အတွေ့အကြုံကို ပြောပြခဲ့သည်။
တိုးတက်လာသော နိုင်ငံခြား ခရီးသွားဧည့်သည် ၀င်ရောက်မှုနှင့် အတူ လူကုန်ကူးခြင်း၊ လိင်အလွဲသုံး စားပြုခြင်းများမှာ ထည့်သွင်းစဉ်းစားဖို့လိုသည့် နောက်ဆက်တွဲကိစ္စရပ် ဖြစ်ခြင်းကြောင့် အများပြည်သူများအား ထိရောက်သော အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဆိုင်ရာ စာစောင်များကို ထုတ်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။