Wednesday 3 February 2010, by
သူတို့ဘ၀လေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို အကုန်လုံး မပြည့်စွမ်း နိုင်ခဲ့ရင်တောင် မေတ္တာရှင်တွေက ကရုဏာရှေ့ထား လှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး ဖြည့်စွမ်းပေးနိုင်အောင် ကြိုးစားနေကြပါတယ်။
See online : သုခရိပ်မြုံ - HIV ပိုးကူးစက်ခံရသော ကလေးငယ်လေးများဂေဟာ
သုခရိပ်မြုံ ဂေဟာလေး စတင်စဉ်မှာ ကလေးလေး (၂) ယောက်ကနေ စတင်ခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီ အဆောက်အဦးထဲမှာ ကလေးလေး (၄၅) ယောက်အထိ ရှိသွားခဲ့ပါပြီ။ သူတို့လေးတွေဟာ အသက် တစ်နှစ်ခွဲကနေ ၁၅ နှစ်အထိ အရွယ် အသီးသီးရှိကြပါတယ်။ ကံကြမ္မာ ချထားပေးရာ ထိတ်လန့်စရာဘ၀တွေနဲ့ ကိုယ့်အနာဂါတ်ကို ကိုယ်မသိရှာကြတဲ့ ကလေးလေးတွေ သူတို့ဟာ ဘယ်လိုအကြောင်းနဲ့မှ ဆက်စပ်စရာမရှိတဲ့ တစ်ရွာတကျေး တစ်နေရာစီကနေ ရောက်လာကြရပြီး တစ်စိမ်းတရံစာတွေရဲ့ မေတ္တာလေးနဲ့ နွေးထွေး နေကြရရှာသူတွေ ဖြစ်ပါတယ်။
သူတို့လေးတွေထဲမှာ တစ်ချို့က ကာတွန်းလေးတွေ ပန်းချီကားချပ်လေးတွေ ရေးဆွဲရတာကို နှစ်ချိုက်လို့ တစ်ချို့ကလည်း စာအုပ်တွေဖတ် ပုံပြင်လေးတွေ နားထောင်ရရင်၊ ကဗျာတွေ ရွတ်ဖတ်နေရရင်ပျော်လို့ တစ်ချို့လေးတွေက သူတို့ရဲ့နာမည်လေးတွေ မေးရင်တောင်မှ သူတို့ကြိုက်နှစ်သက် သဘောကြတဲ့ မင်းသား/ မင်းသမီး နာမည်လေးတွေနဲ့ တွဲယှဉ်ပြီးတော့ကို ရယ်ရယ်မောမော ဖြေဆိုတတ်ပါသေးတယ်။
တစ်ချို့က သရုပ်ဆောင် ဦးဗေလု၀ကိုမြင်တော့ Hi Tea လာပြီဟေ့တဲ့ ဆရာ၀န်မကြီး လုပ်တမ်းကစားရမှ ကျေနပ်ကြသူလေးတွေ စာသင်ကြေး ဆော့နေကြတဲ့ ကလေးလေးတွေ ကစားစရာကို ဖြုတ်လိုက်တပ်လိုက် အလုပ်ရှုပ် နေသူလေးတွေ အဲဒီ (၄၅) ယောက်သော လူမမည်လေးတွေဟာ အနာဂါတ်ကောင်းကင်မှာ ဘယ်လိုထွန်းလင်းပြမယ့် ကြယ်စင်တွေများလဲ။
သူတို့လေးတွေက အဲဒီ ဂေဟာလေးမှာ ဆရာမ - ဒေါ်သန်းမြင့်အောင်၊ ဆရာမ - ဂျူး၊ ဆရာမ - စုထား အစရှိတဲ့ သုခရိပ်မြုံမိသားစုရဲ့ အရိပ်အာဝါသအောက်မှာ ၀န်ထမ်း၊ သူနာပြုဆရာမ၊ ကျောင်းဆရာမ မေမေတွေ (၁၈) ယောက် ရဲ့ ရင်နှစ်သည်းခြာသဖွယ် ပြုစုယုယ အုပ်ထိမ်းမှုအောက်မှာ အပူအပင်မရှိ ပျော်ရွှင်နေကြရှာပါတယ်။
မူကြိုတန်း အရွယ်ကလေးတွေအတွက် မူကြိုကျောင်းနဲ့ သူငယ်တန်းကနေပြီးတော့ စတုတ္ထတန်းအထိ ကလေးငယ်တွေအတွက် ဝိသာခါ - သီလရှင်ပညာဒါနကျောင်းမှာ နာမည်စာရင်းများ ပေးသွင်းထားပြီး သုခရိပ်မြုံလေးမှာပဲ အစိုးရ ပညာရေးသင်ရိုးတွေအတိုင်း သင်ကြားပေးလျှက် ရှိပါတယ်။ လိုအပ်တဲ့ ဆေးဝါးများ ပုံမှန်တိုက်ကျွေးပြီး အလှည့်ကျ ဆရာ၀န်များ ၀န်ထမ်းသူနာပြုများနဲ့ သူတို့ရဲ့ ဘ၀လေးတွေကို ပြုစုပျိုးထောင် ပေးနေကြပါတယ်။
သူတို့ဘ၀လေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို အကုန်လုံး မပြည့်စွမ်း နိုင်ခဲ့ရင်တောင် မေတ္တာရှင်တွေက ကရုဏာရှေ့ထား လှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး ဖြည့်စွမ်းပေးနိုင်အောင် ကြိုးစားနေကြပါတယ်။ သူတို့လေးတွေ ပစ္စုပ္ပန်အတွက် ၊ သူတို့လေးတွေရဲ့ အနာဂါတ်အတွက် အလှူငွေတွေ ပံ့ပိုးမှုတွေလိုအပ် လျှက်ရှိနေပါတယ်။
သုခရိပ်မြုံရဲ့ တစ်နေ့တာ နေ့လည်စာနဲ့ ညစာကုန်ကျစရိတ်က ငွေကျပ် ၅၀၀၀၀/- (ငါးသောင်းကျပ်) ၀န်းကျင်ရှိပြီး တစ်လကို ဆေးဖိုး၊ ၀န်ထမ်းစရိတ်နဲ့ အထွေထွေကုန်ကျမှုစရိတ်တွေ မပါ၀င်သေးပဲ ငွေကျပ် ၁၅၀၀၀၀/- (တစ်ဆယ့်ငါးသိန်းကျော်)ခန့် ရှိပါတယ်။
မြန်မာပြည်မှာ အဖြူရောင်သက်တံ့ဆိုတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေ ပါ၀င်တဲ့ အဖွဲ့လေးတစ်ဖွဲ့က ဦးဆောင်ပြီး သုခရိပ်မြုံအတွက် အလှူငွေများကောက်ခံပေးပြီး ရန်ပုံငွေရှာဖွေ ပေးခဲ့ပါတယ်။
သုခရိပ်မြုံရဲ့ ဦးဆောင်ဦးရွက်တစ်ဦးဖြစ်တဲ့ ဆရာမ - ဒေါ်သန်းမြင့်အောင်က
"ကလေးလေးတွေအတွက် မိဘသဖွယ် မေတ္တာပေးနိုင်မယ့် သူတွေရဲ့ စေတနာတွေနဲ့ သူတို့ဘ၀လေးတွေ ရှင်သန်နေကြပါတယ်။ သုခရိပ်မြုံမိသားစုနဲ့ ကရုဏာရှင်တွေရဲ့ မေတ္တာရိပ်အောက်မှာ ကလေးလေးတွေ ကလေးသူငယ်များရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားနေနိုင်ကြပါတယ်။ လာရောက်ပြီးတော့ လှူဒါန်းကြတဲ့ အလှူရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် " လို့ ၀မ်းပန်းတသာ စကားကြုံပါး ပြောကြားခဲ့ပါတယ်။
ရန်ကုန်ရောက်ရင်လည်း သုခရိပ်မြုံ ဂေဟာလေးဆီကို ရောက်အောင်သွားပြီး ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ကြပါတယ်။ ကရုဏာတကြီး အားပေးနိုင်ကြပါတယ် ခဏလေးဖြစ်ဖြစ် မေတ္တာဓါတ် လေးတွေ ပို့လွှတ်နွေးထွေးမှု ပေးနိုင်ကြပါတယ်။ " ကလေးလေးတွေကတော့ ဧည့်သည်တွေလာရင် ပျော်လို့ပေါ့ "