"The press is the enemy" Richard Nixon
HIV/AIDS Health Forum
Home page > ဆောင်းပါး > အများအတွက် အသက်ရှင်လိုသူ

အများအတွက် အသက်ရှင်လိုသူ

အများအတွက် အသက်ရှင်လိုသူ

Wednesday 3 February 2010, by Zinyaw

“ဘဝဆိုတာ တချိန်တော့ ထားခဲ့ရမှာပဲလေ။ ဒီရောဂါပိုးရှိမှ မဟုတ်ဘူး။ ဒီလိုကျန်တဲ့ ဘဝလေးကို လူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ သဘောထားရှိဖို့ပါပဲ”


See online : အများအတွက် အသက်ရှင်လိုသူ

“ဘဝဆိုတာ တချိန်တော့ ထားခဲ့ရမှာပဲလေ။ ဒီရောဂါပိုးရှိမှ မဟုတ်ဘူး။ ဒီလိုကျန်တဲ့ ဘဝလေးကို လူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ သဘောထားရှိဖို့ပါပဲ”

ဤစကားကို ကိုယ်တိုင်က HIV ပိုး သယ်ဆောင်သူ ဖြစ်သော်လည်း ယနေ့တိုင် ကျန်းမာ သန်စွမ်းနေသည့် ၃၅ နှစ်အရွယ် ကိုမျိုးသန့် (အမည်ပြောင်း)က ခွန်အားပါသည့် အသံဖြင့် ပြောဆို လိုက်သည်။

ထို့အပြင် “ကိုယ့်အသိစိတ်ဓာတ် ပြောင်းလဲသွားတာနဲ့ ဘဝဆိုတာလည်း ပြောင်းလဲသွားတာပါပဲ” ဟုလည်း အတွေးဒဿနကို သူက ဘဝအတွေ့အကြုံ ကိုပြောသည်။

လွန်ခဲ့သည့် ၃ နှစ်ခွဲခန့်မှ စတင်ကာ ခန္ဓာကိုယ်ထဲကို HIV ပိုး တိုက်ဖျက်ရန် ARV ဆေးဝါးများ မှီဝဲလာခဲ့ရာ ဘေးထွက်ဆိုးကျိုး မခံစားရသည့်အပြင်၊ တနင်္လာနေ့မှ သောကြောနေ့အထိ တနေ့လျှင် အလုပ်ချိန် အနည်းဆုံး ၈ နာရီကြာ လုပ်ကိုင်နေသည်ဟု ကိုမျိုးသန့်က ဆိုသည်။

HIV ဝေဒနာသည်များ တဦးနှင့်တဦး အကြံပေးလမ်းညွှန်ရန်နှင့် အားပေးတိုက်တွန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် မီးအိမ်ရှင်၊ တက်မြန်မာ၊ ပဒုမ္မာ စသည့် ကွန်ယက်များ အပါအဝင် ကွန်ယက်ငယ် ၁ဝဝ ကျော်တွင် သူသည် တက်ႂကြွစွာ ပါဝင်ဦးဆောင် နေသည်။

“တဦးချင်းရဲ့ ရင်ဆိုင်ကြုံတွေ့မှုနဲ့လည်း ဆိုင်ပါတယ်။ ကျနော်တို့ အခွင့်အရေး ရရှိရေးကို ပိုပြီးတော့ ဘောင်အတွင်းမှာ လုပ်ဆောင်နေပါတယ်။ အသိအမှတ်ပြုမှုကလည်း လိုနေပါသေးတယ်။ ပိုမိုပါဝင်မှု အဆင့်ကနေ အဓိပ္ပါယ်ရှိတဲ့ ပါဝင်ပူးပေါင်းမှုဆိုတာကလည်း လိုနေပါသေးတယ်”

သူက လုပ်ငန်းလိုအပ်ချက်ကို ယခုလို ပြောဆိုလိုက်ချိန်မှာ ၂ဝဝ၈ ခုနှစ်ထုတ် နယ်စည်းမခြား ဆရာဝန်အသင်း၏ ကြောညာချက်ထဲမှာ ပါရှိသည့် မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်ခံရသူပေါင်း ၂ သိန်း ၄ သောင်းတွင် ၇ သောင်းခွဲကျော်သည် ရောဂါပိုးမွှား တိုက်ဖျက်ရေးကုထုံး ARV အရေးပေါ် လိုအပ်နေကြောင်း ပြောဆိုခဲ့သည်ကို အမှတ်ရဖွယ် ရှိပါသည်။

နယ်စည်းမခြားက လက်ရှိမှာလည်း ARV ဆေး ရရှိနေမှု အခြေအနေသည် ယခင်ထက် ၂ဝ ရာခိုင်နှုန်းခန့် နည်းပါးနေသည်ဟု ဆိုသည်။

ရန်ကုန်ရှိ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံအုပ် ဒေါက်တာအောင်လွင်က သူတို့ဆေးရုံအနေဖြင့် ARV ကို ဦးရေ ၁ဝဝဝ အတွက်သာပေးနိုင်ပြီး၊ လာမည့်နှစ်တွင် ပိုမိုတိုးမြှင့်ပေးသွားမည်ဟု ပြောသည်။

“မနှစ်ကလည်း ၃ဝဝ တိုးပြီး ပေးတယ်။ ပိုးရှိသူတွေရဲ့ CD+4 (ကိုယ်ခံအား အတက်အကျ) ပေါ် မူတည်ပြီးတော့ ပေးရတာပါ။ HIV ပိုး တွေ့ပေမယ့် ရောဂါတွဲပါလာတာမျိုး၊ ဥပမာ - တီဘီ (အဆုတ်ရောဂါ) လိုဟာမျိုးဆိုရင် တီဘီကို အရင်ကုပေးလိုက်တယ်။ ပြီးတော့မှ ခုခံအားပေါ်မူတည်ပြီး ARV ဆေး ပေးတယ်” ဟု သူက ပြောသည်။

HIV/AIDS ကူးစက်ခံနေရသူ အများစုသည် အသက်အရွယ်အားဖြင့် နှစ် ၂ဝ မှ ၃၅ နှစ်အထိ ရှိကြောင်း သူက ဆိုသည်။

သူ၏ ဆေးရုံအုပ် သက်တမ်းတမ်းတလျောက် ARV ဆေး ပုံမှန်သောက်သုံးသဖြင့် ၁၅ နှစ်ကြာ ဆက်လက်ရှင်သန်နေပြီး၊ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားနေသည့် HIV ပိုး သယ်ဆောင်သူ ၂ ဦး၏ အားတက်ဖွယ် မြင်ကွင်းကလည်း ရှိနေသည်။

“တယောက်က အသက် ၈ဝ နီးပြီ။ နောက်တယောက်က ကာယမောင် ။ သူတို့ကိုကြည့်ရင် သာမန်လူတွေလိုပဲ။ ကာယမောင်ဆို ခန္ဓာကိုယ်က အင်မတန်လှတယ်။ ဘယ်သူမှ သူတို့ကို HIV ပိုး ရှိတယ်လို့တောင် မထင်ရဘူး” ဟု ဒေါက်တာ အောင်လွင်က ဝမ်းသာအားရ ပြောသည်။

ထို့ကြောင့် HIV ပိုး ကူးစက်ခံရသူများအနေဖြင့် ဆေးရုံသို့ အချိန်မီရောက်ရှိလာပြီး၊ ကျွမ်းကျင်ရာ ဆရာဝန်များနှင့် အတိုင်ပင်ခံဆွေးနွေး၍ ဆေးဝါးသောက်သုံးရန် လိုအပ်ကြောင်း သူက သတိပေး သေးသည်။

HIV/AIDS ဝေဒနာသည်များ တိုးပွားလာသလို ARV ဆေးဝါးအတွက် လိုအပ်ချက်များအပေါ် ကူညီစောင့်ရှောက်သူ သူတို့ နှစ်ဦးက မချိတင်ကဲ ဖြစ်နေရသော်လည်း မြန်မာလူထုအကြားတွင် HIV/AIDS သယ်ဆောင်သူကို တရင်းတနှီး ပေါင်းသင်းဆက်ဆံမှုများ ယခင်ထက် တိုးတက်ပြောင်းလဲ လာမှု ရှိလာသည်။

သို့သော် လူများစုမှာ ထိုကဲ့သို့ လက်ခံနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက ဆိုသည်။

Myanmar Positive Group (MPG) အဖွဲ့ကို ဦးဆောင်နေသည့် ကိုမျိုးသန့်ကမူ HIV/AIDS ကူးစက်သူများကို လက်ခံနိုင်မှုသည် မီဒီယာများမှတဆင့် သတင်းအချက်အလက်များကို ပညာပေး ရေးသားခြင်းအပေါ် မူတည်နေသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာတော့ Stigma (ပစ်ပယ်မှု) နဲ့ Discrimination (ခွဲခြားမှု) တော့ ရှိနေဦးမယ်။ ကျနော်တို့ နိုင်ငံမှာက မီဒီယာကနေ သတင်းစကား ဖော်ပြမှု သိပ်မရှိတော့ ကျနော်တို့ လုပ်ငန်းလှုပ်ရှားမှုတွေ ဖော်ပြတဲ့နေရာမှာ တော်တော်လေး ခက်ခဲနေသေးတယ်”

“အဲဒါကလည်း လူတွေမှာ သတင်းရရှိမှု အခွင့်အရေး ရရှိမှပဲ ရွေးချယ်ပိုင်ခွင့် ရှိမယ်။ ဒီသတင်း အချက်အလက်တွေကို မီဒီယာတွေကနေတဆင့် လူထုက ရရှိနိုင်တာ ဖြစ်တယ်”

ဝေဒနာသည်များကို လူမှုအသိုင်းအဝိုင်းက ဖယ်ကြဉ်ခြင်းမရှိ၊ အားပေးနှစ်သိမ့်ခြင်းသည် ရောဂါပိုးရှိပြီး လူသိမခံဘဲ ဆေးမီးတိုနည်းလမ်းများဖြင့် တိတ်တဆိတ် ကုသနေသူများကို အချိန်မီ ဆေးဝါးရရှိရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း HIV/AIDS စေတနာ့ဝန်ထမ်း အသိုင်းအဝိုင်းက ဆိုသည်။

ကိုမျိုးသန့်က “ကိုယ့်ဝန်းကျင်မှာ ဒီလိုမျိုးရှိခဲ့ရင်လည်း အဲဒီလူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပံ့ပိုးကူညီမှုတွေနဲ့ ဂရုစိုက်မှုကို တခြားလူတွေအနေနဲ့ ပစ်ပယ်ထားတာမျိုး မလုပ်ဘဲနဲ့ လက်ခံမှသာလျှင် ဒါတွေကို နောက်ကနေ လိုက်လံကူညီပေးလို့ ရမယ်” ဟု ဆိုသည်။

ဘဝတူ ဝေဒနာသည်များကို အားသွန်ခွန်စိုက် ကူညီစောင့်ရှောက်နေသည့် ကိုမျိုးသန့်သည် နိုင်ငံရပ်ခြားတွင် ပြုလုပ်ခဲ့သည့် HIV/AIDS ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ၁၀ ကြိမ်ထက်မနည်း တက်ရောက်ခဲ့ပြီး ဖြစ်သည်။

ပြည်ပရောက် မြန်မာများအနေဖြင့် နိုင်ငံအတွင်းရှိ HIV/AIDS ကူးစက်ခံနေသူများအတွက် ငွေအား၊ လူအားနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ပြုလုပ်ပေးစေလိုကြောင်း သူက မေတ္တာရပ်ခံသည်။

သူက ထိုသို့ ငွေကြေး၊ လူအင်အားနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ဖွင့်ဟပြောဆိုချိန်တွင် မြန်မာစစ်အစိုးရသည် နိုင်ငံတော်ဘ႑တ်ဂျက်ထဲမှ လူထုကျန်းမာရေး အသုံးစရိတ်အဖြစ် တဦးအတွက် တနှစ်လျှင် အမေရိကန် ၁ ဒေါ်လာအောက်သာ အသုံးပြုနေကြောင်း သိရသည်။

ယခုလို အခြေအနေနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေအစိုက် လူထုကျန်းမာရေး သုတေသနနှင့် လူ့အခွင့်အရေး (ဗဟို) မှ ဒေါက်တာ Voravit Suwanvanichkij က “အစိုးရက သန်းချီတဲ့ နိုင်ငံခြားငွေတွေကို သိမ်းထားစဉ်မှာပဲ လူထုကျန်းမာရေးအတွက် အသုံးစရိတ်က တနှစ် ၁ ဒေါ်လာအောက်ပဲ သုံးစွဲနေတာကိုကြည့်ရင် မြန်မာနိုင်ငံက အကူအညီလိုနေတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အထူးပြောစရာတောင် မလိုအပ်တော့ဘူး” ဟု ပြောသည်။

နိုင်ငံရပ်ခြား အကူအညီနှင့် ပတ်သက်၍ HIV/AIDS ၊ တီဘီနှင့် ဌက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အကူ အများဆုံးပေးနေသည့် Global Fund အဖွဲ့ကြီးကမူ ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းပစ်ခဲ့သည်။

လူသားချင်း စာနာသည့် လုပ်ငန်းများကို လုပ်ကိုင်သူများကို စစ်အစိုးရက မြန်မာနိုင်ငံအတွင်း သွားလာလှုပ်ရှားမှု ကန့်သတ်လိုက်ပြီးနောက် Global Fund က ထိုကဲ့သို့ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင်မူ သြစတြေးလျား၊ ဥရောပကော်မရှင်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် ဗြိတိန်တို့က Three Diseases Fund - 3DF အမည်ဖြင့် ရောဂါသုံးမျိုးဖြစ်သော HIV/AIDS ၊ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရန်အတွက် ၂၀၁၁ ခုနှစ်အထိ သုံးစွဲရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ငွေ ချပေးခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်း HIV ပိုး တိုက်ဖျက်ရန် ARV ဆေးဝါးကို 3D Fund အပြင် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိနေသည်။

မည်သို့ပင်ဆိုစေ ထောက်ပံ့ကူညီမှုများ လိုအပ်ချက်က ရှိပင်ရှိသော်လည်း ကိုမျိုးသန့်တို့လို တပိုင်တနိုင်အားဖြင့် ရုန်းကန်ပံ့ပိုးနေသည့် အဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် လူပုဂ္ဂိုလ်များက တစိုက်မတ်မတ် လုပ်ကိုင်သွားဦးမည်။

ဤသည်မှာ တဦးတယောက်ချင်းမှ အစပြုကာ လူများစုကြီးအထိ အကျယ်အပြန့် လုပ်ဆောင်သွားရေး အထိ တွန်းအားပေး မြှင့်တင်ရန်မှာ အထူးလိုအပ်ချက် ဖြစ်နေသည်။

ကိုယ်တိုင်ပင် ဝေဒနာသည် ဖြစ်နေလင့်ကစား သူ့ဘဝကို အခြားလူများအတွက် လုပ်ကိုင်ပေးသွားရန် ဆုံးဖြတ်ချက် ချထားကြောင်း သူ့လုပ်ရပ်နှင့် အတွေးအမြင်များက သက်သေခံနေပါတော့သည်။

“ဘဝဆိုတာ တချိန်တော့ ထားခဲ့ရမှာပဲလေ။ ဒီရောဂါပိုးရှိမှ မဟုတ်ဘူး။ ဒီလိုကျန်တဲ့ ဘဝလေးကို လူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ သဘောထားရှိဖို့ပါပဲ” “ကိုယ့်အသိစိတ်ဓာတ် ပြောင်းလဲ သွားတာနဲ့ ဘဝဆိုတာလည်း ပြောင်းလဲသွားတာပါပဲ”။

SPIP | template | | Site Map | Follow-up of the site's activity RSS 2.0